4. စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ၏။
5. ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊
6. ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။
7. ဘုရားသခင်၏သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့် အဟိဩသည်လှည်းကို နှင်ကြ၏။
8. ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် သီချင်းဆိုလျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
9. ခိဒုန်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။