၁ ရာ 15:14-30 Judson Bible (BJB)

14. ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊

15. ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။

16. ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။

17. ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။

18. ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။

19. သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊

20. ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။

21. သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။

22. ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

23. ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။

24. ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။

25. အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊

26. ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊

27. လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။

28. ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။

29. ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊

30. ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊

၁ ရာ 15