၁ ကော 15:32-44 Judson Bible (BJB)

32. သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။

33. အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။

34. တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။

35. သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။

36. အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။

37. ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။

38. ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။

39. အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သား တမျိုး၊ အသီးအသီးရှိကြ၏။

40. ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုးဖြစ်၏။

41. နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။

42. ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။

43. စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။

44. စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။

၁ ကော 15