၁ ကော 11:13-27 Judson Bible (BJB)

13. မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။

14. ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။

15. မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ်၏။

16. သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌၎င်း၊ ဘုရားသခင်၏ အသင်းတော်၌ ၎င်း၊ ထိုသို့သော ထုံးစံမရှိ၏။

17. တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။

18. ပဌမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။

19. ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည်။

20. သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြ သည်မဟုတ်။

21. အကြောင်းမူကား၊ သင်တို့သည် စားကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိအစာကို အရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။

22. သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိ သလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော် ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။

23. အကြောင်းမူကား၊ သင်တို့၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူ မူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကို ခံသော နေ့ညမှာ မုန့်ကို ယူ၍၊

24. ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ ပြုကြ လော့ဟု မိန့်တော်မူ၏။

25. ထိုနည်းတူ၊ ညစာစာပြီးမှ ခွက်ကိုလည်း ယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သောပဋိညာဉ်တရား သစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကို အောက်မေ့ဘို့ရာ သောက်ကြလော့ဟု မိန့်တော်မူ၏။

26. အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြကြ၏။

27. ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။

၁ ကော 11