14. ညဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော် မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ။
15. မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏။
16. ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊
17. အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သော ကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။
18. ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ၏။
19. သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေး သောအခါ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူးဖြစ်၏။
20. ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း။
21. ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။
22. ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။
23. ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။