ဧ​ဖက် 5:3-10 Judson Bible (BJB)

3. မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။

4. မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။

5. မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။

6. လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။

7. ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။

8. အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။

9. အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း။

10. သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။

ဧ​ဖက် 5