ဧ​ဇ​ရ 7:12-25 Judson Bible (BJB)

12. ဘုရင်တို့၏ဘုရင်အာတဇေရဇ်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ခပ်သိမ်းသော မင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။

13. ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။

14. အကြောင်းမူကား၊ သင်၏ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ၎င်း၊

15. ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့် တကွ၊

16. ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင်သွားစေခြင်းငှါ၎င်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။

17. ထိုငွေကိုယူပြီးလျှင်နွား၊ သိုးထီး၊ သိုးသငယ်နှင့် တကွ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည်။

18. ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီ အစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင်အလိုတော်နှင့်အညီပြုလော့။

19. သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဘို့ သင်၌ အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။

20. သင်၏ဘုရားသခင့် အိမ်တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ဝယ်လော့။

21. ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့်တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း၊

22. ငွေအခွက်တထောင်၊ ဂျုံဆန်ကောရတရာ၊ စပျစ်ရည်ဗတ်တရာ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှ မဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ်အမိန့်တော်ရှိ၏။

23. ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဘို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရမည်နည်း။

24. ထိုမှတပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်းသည်၊ တံခါး စောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။

25. သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သားအပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ဘုရားသခင့် ဥာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။

ဧ​ဇ​ရ 7