1. အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
2. မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
3. လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဘော်၍ ခရီးသွားနိုင်သလော။
4. ခြင်္သေ့သည် ဘမ်းစရာမရှိလျှင်၊ တော၌ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။
5. မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
6. မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။
7. အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
8. ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။