7. ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
8. ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ၏။
9. အုတ်ရိုးပြို သော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။
10. သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့ အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်းတို့သည် သိရကြလိမ့်မည်။
11. ထာဝရဘုရားသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊
12. ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
13. ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။
14. ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့်အမြီးကို၎င်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို၎င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။
15. ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသာကိုဟောပြောသော ပရောဖက် တည်း။
16. ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
17. ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင် ရှိသောလူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသော စကားကိုပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
18. အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တတ်ကြလိမ့်မည်။