ဟေ​ရှာ​ယ 65:10-25 Judson Bible (BJB)

10. ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။

11. သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူဖြစ်ကြ၏။

12. သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။

13. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက်ကြောက်ကြလိမ့်မည်။

14. ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။

15. သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သော သူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။

16. မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။

17. ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

18. ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။

19. ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။

20. ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက်မပြည့်စုံသောလူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။

21. ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။

22. သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။

23. ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။

24. ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။

25. တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။

ဟေ​ရှာ​ယ 65