ဟေ​ရှာ​ယ 51:4-15 Judson Bible (BJB)

4. ငါ၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ ငါ့ထံမှ တရားထွက်၍ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည်။

5. ငါ၏ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။

6. မိုဃ်းကောင်းကင်ကို မျှော်၍ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်း တရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။

7. ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။

8. အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွှေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြ လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ်၍၊ ငါ၏ ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။

9. အို ထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဘူးသော ကာလ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကို ဒဏ်ခတ်၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင်မဟုတ်လော။

10. ပင်လယ်ရေ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနှုတ်သော သူများ သွားစရာလမ်းဖြစ်စေသောသူကား၊ ကိုယ်တော်ပင်မဟုတ်လော။

11. သို့ဖြစ်၍၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။

12. သင်တို့ကို နှစ်သိမ့်စေသော သူကား၊ အခြားသူမဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသော လူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။

13. မိုဃ်းကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသော သူ၏ဒေါသအမျက်သည် အဘယ်မှာ ရှိသနည်း။

14. အချုပ်ခံရသော သူသည် ထောင်ထဲမှာ မသေ၊ ရေစာမပြတ်၊ လျင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့်မည်။

15. ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။

ဟေ​ရှာ​ယ 51