ဟေ​ရှာ​ယ 5:7-18 Judson Bible (BJB)

7. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်းကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏။

8. မိမိတို့သည် မြေ၏အလယ်၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကို၎င်း၊ လယ်တကွက်နှင့်တကွက်ကို၎င်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

9. ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီး ကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူမရှိ။ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။

10. အကြောင်းမူကား၊ စပျစ်ဥယျာဉ်တပယ်သည် စပျစ်ရည်တဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရကြလိမ့်မည်။

11. သေရည်သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့်ကို လည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။

12. သူတို့၏ပွဲ၌စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏။ ထာဝရဘုရား၏ အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။

13. ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက် ရှိကြ၏။

14. ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူတို့၏ ဂုဏ်အသရေအလုံးအရင်း၊ အသံဗလံပြု ခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။

15. ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏ မျက်နှာလည်းပျက်ရ၏။

16. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။

17. ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်းဘူး၍။ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။

18. ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။

ဟေ​ရှာ​ယ 5