ဟေ​ရှာ​ယ 5:12-23 Judson Bible (BJB)

12. သူတို့၏ပွဲ၌စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏။ ထာဝရဘုရား၏ အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။

13. ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက် ရှိကြ၏။

14. ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူတို့၏ ဂုဏ်အသရေအလုံးအရင်း၊ အသံဗလံပြု ခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။

15. ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏ မျက်နှာလည်းပျက်ရ၏။

16. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။

17. ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်းဘူး၍။ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။

18. ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။

19. သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။

20. မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌အချိုကို၎င်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။

21. ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

22. စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်းအမှု၌၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ၏။

23. ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ၊ မတရားသော သူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။

ဟေ​ရှာ​ယ 5