11. ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
12. ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့် အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
13. အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
14. ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊
15. မိန်းမသည် မိမိဘွားသော သားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
16. ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။
17. သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။
18. အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည်နည်းတူတန်ဆာဆင်လိမ့်မည်။
19. သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီးသော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြလိမ့်မည်။
20. သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။
21. သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။