1. အိုဗာဗုလုန်သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့်၌ထိုင်လော့။ အိုခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာ ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူ ဟူ၍ နောက်တဖန်မခေါ်ရ။
2. ကြိတ်ဆုံကို ယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သော အင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကို ကူးလော့။
3. သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။
4. ငါတို့ကို ရွေးနှုတ်သောသူကား၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
5. အိုခါလဒဲသတို့သမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏ အရှင်မ ဟူ၍ နောက်တဖန် မခေါ်ရ။
6. ငါသည် ငါ၏လူတို့ကို အမျက်ထွက်သောကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက်၏။ သင်သည် သနားသောစိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသောထမ်းဘိုးကို တင်လေပြီ။
7. သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ်အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သောအမှုကို မအောက်မေ့။
8. ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောကကင်းလွတ်လျက်နေသောသူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင်လော့။
9. သင်သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။
10. သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစားပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည်ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။