ဟေ​ရှာ​ယ 45:1-12 Judson Bible (BJB)

1. အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊

2. သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။

3. မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထားသော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။

4. ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။

5. ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။

6. သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။

7. ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။

8. မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။

9. အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။

10. မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။

11. ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။

12. မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။

ဟေ​ရှာ​ယ 45