ဟေ​ရှာ​ယ 43:4-18 Judson Bible (BJB)

4. သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။

5. မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။

6. အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊

7. ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။

8. မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။

9. လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။

10. ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။

11. ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။

12. ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဘော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။

13. နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

14. သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ်၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။

15. ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။

16. ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊

17. ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊

18. ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။

ဟေ​ရှာ​ယ 43