ဟေ​ရှာ​ယ 43:15-28 Judson Bible (BJB)

15. ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။

16. ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊

17. ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊

18. ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။

19. ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။

20. မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။

21. ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။

22. သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။

23. မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။

24. သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ်။ ပူဇော်သောယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီတကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။

25. ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။

26. ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။

27. သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။

28. ထို့ကြောင့်၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ်ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။

ဟေ​ရှာ​ယ 43