ဟေ​ရှာ​ယ 42:2-17 Judson Bible (BJB)

2. အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌သူ၏အသံကို အဘယ်သူမျှမကြားစေရ။

3. နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။

4. မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏တရားကိုလည်း၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည်။

5. မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူ ထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာ ရှိသောသူတို့ အား အသက်ကို၎င်း၊ မြေကြီးကို ကျော်နင်းသော သူတို့ အား ဝိညာဉ်ကို၎င်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

6. ငါ ထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ်၍၊

7. လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။

8. ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။

9. အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။

10. ပင်လယ်ကို ကူးသော သူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တကျွန်းတနိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသော သူများတို့၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။

11. တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။

12. ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။

13. ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။

14. ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှု၍ ချက်ခြင်း ဖျက်ဆီးမည်။

15. တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည်။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက် စေမည်။

16. မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။

17. ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။

ဟေ​ရှာ​ယ 42