ဟေ​ရှာ​ယ 41:1-11 Judson Bible (BJB)

1. တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။

2. ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူ အမျိုးမျိုးတို့ သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ထားရှေ့မှာ မြေမှုန့်ကဲ့သို့၎င်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့၎င်း အဘယ်သူဖြစ်စေသနည်း။

3. ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဘူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။

4. ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှ စ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသော သူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။

5. တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။

6. အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။

7. ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသော သူသည်၊ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ်၏။

8. ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊

9. မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သော သူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊

10. မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။

11. သင်၌အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။

ဟေ​ရှာ​ယ 41