5. ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
6. တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟု ဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
7. ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင် သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေ တတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ်ကြ၏။
8. မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ် တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။
9. ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တက်လော။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့။
10. ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီးသော တန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ ပါလျှက်၊ ဆုလပ်တော်သည် ရှေ့တော်၌ ရှိ၏။
11. မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင်တော်မူမည်။
12. ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုဃ်းကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်၎င်း ချိန် သောသူကား အဘယ်သူနည်း။
13. ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။
14. အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။
15. လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။
16. လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ်ဘို့မလောက်။
17. ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှမဟုတ် သော အရာထက်သာ၍ ငယ်သကဲ့သို့၎င်း၊ အနတ္တကဲ့သို့၎င်း မှတ်တော်မူ၏။
18. သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန်တူသည်ဟု ဆိုရအံ့နည်း။