1-2. ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ သဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့် တော်ကို ပြန်လေ၏။
3. ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။
4. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊
5. သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။
6. သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
7. ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊
8. ကြည့်ရှုလော့။ အာခတ်၏နေတိုင်းနာရီပေါ်မှာ ရွေ့သောအရိပ်ကို ဆယ်ချက်ပြန်စေမည်ဟုဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သောဆယ်ချက်ပြန်လေ၏။
9. ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက်၍ ရေးထားသောစာဟူမူကား၊
10. ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟုငါဆိုသတည်း။