ဟေ​ရှာ​ယ 37:13-31 Judson Bible (BJB)

13. ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ၏။

14. ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့ သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။

15. ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊

16. ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။

17. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသောစကား အလုံးစုံတို့ကို မှတ်တော်မူပါ။

18. အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊

19. သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။

20. အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာပြုလေ၏။

21. ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည်ဖြစ်၍၊

22. ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညှိတ်၏။

23. သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။

24. သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ်မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင်တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများသောတောထဲသို့ ငါဝင်ပြီ။

25. ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။

26. ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင် ခန့်ထားလေပြီ။

27. ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့်၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။

28. သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက် ဟုန်းခြင်းတို့ကို ငါသိ၏။

29. ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။

30. သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို၎င်း သင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။

31. ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီး သီးကြလိမ့်မည်။

ဟေ​ရှာ​ယ 37