ဟေ​ရှာ​ယ 37:11-23 Judson Bible (BJB)

11. အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။

12. ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသောဧဒင်အမျိုးသားတို့ကို၊သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။

13. ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ၏။

14. ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့ သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။

15. ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊

16. ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။

17. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသောစကား အလုံးစုံတို့ကို မှတ်တော်မူပါ။

18. အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊

19. သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။

20. အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာပြုလေ၏။

21. ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည်ဖြစ်၍၊

22. ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညှိတ်၏။

23. သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။

ဟေ​ရှာ​ယ 37