ဟေ​ရှာ​ယ 37:1-10 Judson Bible (BJB)

1. ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။

2. လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။

3. ဟေဇကိမင်းမှာ ထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ်၏။ သားဘွားချိန်ရောက်၍သားကို ဘွားနိုင်အောင်ခွန်အားမရှိ။

4. အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရားကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊

5. ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။

6. ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့၍၊ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်။

7. ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသောစကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။

8. ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။

9. နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊

10. သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားပါနှင့်။

ဟေ​ရှာ​ယ 37