ဟေ​ရှာ​ယ 30:9-27 Judson Bible (BJB)

9. ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန် သောအမျိုးသား၊ ထာဝရဘုရား၏ တရားတော်ကို နာယူခြင်းငှါ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။

10. သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသောသူတို့အား၎င်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။

11. လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အား၎င်း ဆိုတတ်ကြ၏။

12. သို့ဖြစ်၍၊ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် နှုတ်ကပတ် တော်ကို ပယ်၍၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲခိုလှုံသောကြောင့်၊

13. သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက် ကဲ့သို့၎င်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ်ထွက်ဝင်သကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ခြင်း ပြိုပျက်တတ်၏။

14. မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင်လည်း မီးဖိုထဲက မီးခဲခံစရာဘို့၊ ရေကန်ထဲက ရေခပ်စရာဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ၊ နှမြောခြင်းမရှိဘဲ ခွဲခြင်းကို ခံရလိမ့်မည်။

15. ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။

16. ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။

17. သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ်တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း ဖြစ် ရသည်တိုင်အောင်၊ တယောက်သော သူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်။

18. သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။

19. ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည် အစဉ်ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။

20. ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။

21. သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွား လော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။

22. ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။

23. သင်သည် လယ်၌ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြ လိမ့်မည်။

24. စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်းမွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။

25. များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများရှိကြလိမ့်မည်။

26. ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့် မည်။

27. ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံ ဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။

ဟေ​ရှာ​ယ 30