22. ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။
23. သင်သည် လယ်၌ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြ လိမ့်မည်။
24. စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်းမွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။
25. များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများရှိကြလိမ့်မည်။
26. ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့် မည်။
27. ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံ ဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။
28. ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးခြင်းငှါ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပစပ်၌ ခွံ့တော်မူလိမ့်မည်။
29. သင်တို့သည် ပွဲခံသော နေ့ညဉ့်တွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက်သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။
30. ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုဃ်းသီးပါလျက်၊ မိုဃ်းသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။
31. သို့ဖြစ်၍၊အာရှုရိလူသည် ထာဝရဘုရား၏ အ သံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။
32. ထာဝရဘုရားစီရင်၍၊သူ၏အပေါ်မှာ လေးစွာ ချထားတော်မူသောလှံတံသည် ရှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။
33. အကြောင်းမူကား၊ တောဖက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်း တော်မူပြီ။ မီးရှို့ဘို့ ထင်းပုံကြီးလည်းရှိ၏။ ထာဝရဘုရား ၏ ထွက်သက်တော်သည် အရည်ကျိုသောကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။