16. ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။
17. သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ်တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း ဖြစ် ရသည်တိုင်အောင်၊ တယောက်သော သူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်။
18. သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
19. ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည် အစဉ်ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။
20. ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။
21. သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွား လော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။
22. ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။
23. သင်သည် လယ်၌ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြ လိမ့်မည်။
24. စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်းမွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။
25. များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများရှိကြလိမ့်မည်။
26. ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့် မည်။
27. ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံ ဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။
28. ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးခြင်းငှါ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပစပ်၌ ခွံ့တော်မူလိမ့်မည်။
29. သင်တို့သည် ပွဲခံသော နေ့ညဉ့်တွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက်သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။
30. ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုဃ်းသီးပါလျက်၊ မိုဃ်းသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။