ဟေ​ရှာ​ယ 3:12-24 Judson Bible (BJB)

12. ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။

13. ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သောငှါ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။

14. ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီး သူတို့ကို၎င်း၊ မင်းတို့ကို၎င်း တရားစီရင်ရာ၌ ဆီးကြိုး တော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ။ ဆင်းရဲသောသူတို့၏ ဥစ္စာကို လုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။

15. ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ၏။

16. တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊

17. ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။

18. ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊

19. နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊

20. ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊

21. လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊

22. ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊

23. လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။

24. မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။

ဟေ​ရှာ​ယ 3