ဟေ​ရှာ​ယ 29:1-16 Judson Bible (BJB)

1. အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့သည် အမင်္ဂလာရှိ၏။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။

2. သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။

3. ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။

4. သင်သည် နှိမ့်ချခြင်းကို ခံ၍မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည်။

5. သို့ရာတွင်၊သင်၏ ရန်သူအလုံးအရင်းသည် အဏုမြူကဲ့သို့၎င်း၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့၎င်းဖြစ်၍၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည်။

6. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုဃ်းသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။

7. အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူသော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။

8. မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့၎င်း၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့် တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန်တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့်မည်။

9. ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျက် ရှိကြ၏။

10. အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကို ပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူများတို့ကို ဖုံးလွှမ်းတော်မူပြီ။

11. ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ ဖြစ်၏။ ထိုစာသည် စာတတ်သောသူအား ပေး၍၊ ဤစာကို ဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ဤစာကို ငါမဘတ်နိုင်။ တံဆိပ်ခတ်လျက်ရှိ၏ဟု ပြန်ပြောတတ်၏။

12. ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာကိုဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ် ဟုပြန်ပြောတတ်၏။

13. ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။

14. ထိုကြောင့်၊ အံ့ဩကြောက်မက်ဘွယ်သောအမှုကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိ တို့၏ ပညာသည် ပျက်စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ၏။

15. ထာဝရဘုရား မသိစေခြင်းငှါ၊ နက်နဲသောအ ကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

16. သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုး ထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။

ဟေ​ရှာ​ယ 29