8. သူတို့စားပွဲရှိသမျှတို့သည်၊ လွတ်လပ်ရာမရှိ သည်တိုင်အောင်၊ အန်ဖတ်နှင့်၎င်း၊ အညစ်အကြေးနှင့်၎င်း ပြည့်လျက်ရှိကြ၏။
9. သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူဖြစ်ကြသလော။
10. ပညတ်တခုပေါ်မှာ တခု၊ တခုပေါ်မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည်တကားဟု ဆိုကြ၏။
11. အကယ်စင်စစ်၊ စကားမပြီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။
12. ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည် ဟု မိန့်တော်မူသော်လည်း၊ သူတို့သည်နားမထောင်ကြ။
13. ထို့ကြောင့်၊သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
14. သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
15. သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊
16. အရှင်ထာဝရဘုရားက၊ စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်းမရှိ။
17. တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။