ဟေ​ရှာ​ယ 28:17-28 Judson Bible (BJB)

17. တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။

18. သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။

19. ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်းရှိလိမ့်မည်။

20. ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း ခြုံလောက်အောင်ငယ်၏။

21. ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ၎င်း၊ အလုပ်တော် တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက်စသတ်ခြင်းငှါ၎င်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။

22. ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေးခြင်း ကို မပြုကြနှင့်။ ပြည်တပြည်လုံး၌ အနှံ့အပြားစီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါ ကြားရပြီ။

23. ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့နားထောင်နာယူကြလော့။

24. လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန်တတ်သလော။

25. လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ဇီယာ မျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အ တန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။

26. အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီ ရင်တတ်သော ဥာဏ်ကို ပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။

27. စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်၎င်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့်၎င်း ရိုက်တတ်၏။

28. ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အစဉ်နယ်တတ်သည်မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင်သော်လည်း၊ စပါးကို ညက်စေတတ်သည်မဟုတ်။

ဟေ​ရှာ​ယ 28