ဟေ​ရှာ​ယ 26:8-21 Judson Bible (BJB)

8. အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော်၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။

9. ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ်မှာ အမှုကို စစ်ကြောစီရင်တော်မူသောအခါ၊ လောကီသားတို့သည် တရားကိုသင်ကြ၏။

10. မတရားသောသူသည် ကျေးဇူးကိုခံရသော်လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြုတတ်ပါ။

11. အိုထာဝရဘုရား၊ လက်တော်ကိုချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။

12. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အဘို့ ပြုတော်မူ၏။

13. အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတပါး အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။

14. ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက်မရှင်ရကြပါ။ သခင်္ျိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေခြင်းငှါ ပယ်ရှင်းတော်မူပြီ။

15. အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါးစေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။

16. အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသော အခါ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ။

17. ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။

18. အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင်ခြင်း ဝေဒနာကို ခံရသော်လည်း၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။

19. ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည်လည်း မိမိသခင်္ျိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။

20. ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့။

21. အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးသားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသော အသွေးကိုဘော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက်၍မထားရ။

ဟေ​ရှာ​ယ 26