ဟေ​ရှာ​ယ 25:1-8 Judson Bible (BJB)

1. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။

2. မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာ ဖြစ်စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။

3. ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။

4. ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။

5. သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။

6. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။

7. လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။

8. သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

ဟေ​ရှာ​ယ 25