ဟေ​ရှာ​ယ 24:10-23 Judson Bible (BJB)

10. လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။

11. စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တပြည်လုံး၌ သာယာသောအသံ ငြိမ်းပြီ။

12. ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။

13. ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။

14. ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။

15. သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကို၎င်း၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့။

16. သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူ စေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက် နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လုယက်ကြ၏။

17. အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ်သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။

18. ကြောက်လန့်ဘွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။

19. ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။

20. ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တဖန် မထရ။

21. ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။

22. သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကို ခံရကြလိမ့်မည်။

23. လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။

ဟေ​ရှာ​ယ 24