1. တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။
2. ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။
3. များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
4. အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီးက၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဘွား၊ လူပျိုနှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏။
5. အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
6. တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။
7. ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသော အရပ်၌ တည်းခိုခြင်းငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
8. တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။
9. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။