ဟေ​ရှာ​ယ 22:17-25 Judson Bible (BJB)

17. ထာဝရဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန် ကိုင်ဘမ်း၍၊

18. တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကြက်သရေရထားတို့သည်၊ သင့်အရှင်၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်။

19. ငါသည်လည်း သင်၏ အရာကို နှုတ်မည်။ သင်၏ နေရာမှ သင့်ကိုချမည်။

20. ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏ သားဧလျာကိမ်ကို ငါခေါ်၍၊

21. သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏ အစိုးရသော အခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏ အဘဖြစ်လိမ့်မည်။

22. ဒါဝိဒ်မင်းမျိုး၏ တံခါးသော့ကိုသူ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင် အောင် ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။

23. မြဲသော အရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏ အိမ်၌ ကြက်သရေပလ္လင် ဖြစ်လိမ့်မည်။

24. သူ၏ အဘအိမ်၌ ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ဆွဲထားကြလိမ့်မည်။

25. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသော ဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ဟေ​ရှာ​ယ 22