1. ဗျာဒိတ်ရူပါရုံချိုင့်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည် အကြောင်း၊ အဘယ်အမှု ရောက်သနည်း။
2. အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏ လူသေတို့သည် ထားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။
3. သင်၏ မင်းအပေါင်းတို့သည် အတူပြေးကြ၏။ လေးသမားတို့ လက်၌ ချည်နှောင်လျက်ရှိကြ၏။ တွေ့သမျှသော သင်၏ လူတို့သည် အဝေးသို့ ပြေးသော်လည်း၊ အတူချည်နှောင်လျက်ရှိကြ၏။
4. ထိုကြောင့် ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာ ငိုရမည်။ ငါ့အမျိုးသတို့သမီး ပျက်စီးသည်ဖြစ်၍၊ ငါ့စိတ်ပြေစေခြင်းငှါ မကြိုးစားပါနှင့်။
5. ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရ ဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ရှက်ရာကာလ၊ မြို့ရိုးကို ဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။
6. ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့်တကွ လာ၏။ ကိရအမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။
7. သင်၏ အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့် ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချ ကြ၏။
8. ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံ သိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။
9. ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏ လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှထွက် သော ရေကို စုဝေးစေကြလိမ့်မည်။
10. ယေရုရှလင်မြို့၌ ရှိသောအိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကို ပြုပြင်လိုသောငှါ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။
11. ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ် တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ။
12. ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်း အလို ငှါ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
13. ကြည့်ပါ။ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွား များကိုသတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည် သောက်ခြင်း အမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆို ကြသည်တကား။
14. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ်ပေးတော်မူသည်ကား၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေမရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။