6. ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။
7. မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည်။
8. တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ်မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
9. ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။
10. အမှီတကဲတို့သည် ပျက်၍၊ အခစားသောသူအ ပေါင်းတို့သည် ညှိုးငယ်သောစိတ်ရှိကြလိမ့်မည်။
11. အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သော အကြံကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့ အနွယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။
12. သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက်၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ။
13. ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်းတို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲတို့ကိုလည်း မှားယွင်းစေကြပြီ။
14. ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသောသဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူးသော သူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။
15. အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ။
16. ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။
17. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက်၌ ကြံစည်တော်မူသော အကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြောကာမျှနှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည်။
18. ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။
19. ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။
20. ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင်သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ်တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။
21. အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြသည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်။