ဟေ​ရှာ​ယ 13:10-22 Judson Bible (BJB)

10. မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါ မိုက်လျက်၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည်။

11. ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက်၍၊ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။

12. လူသည် ရွှေစင်ထက် အဘိုးထိုက်မည်အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။

13. သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။

14. ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။

15. တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေးလျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့်မည်။

16. သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။

17. ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကို အလိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော်မည်။

18. သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။

19. တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။

20. ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။

21. တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။

22. တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊ အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက်တာမရှည်ရ။

ဟေ​ရှာ​ယ 13