ဟေ​ရှာ​ယ 10:11-24 Judson Bible (BJB)

11. ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။

12. သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

13. ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ်ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။

14. ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊

15. ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။

16. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော်မူမည်။

17. ဣသရေလအမျိုး၏အလင်းသည် မီးဖြစ်တော်မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။

18. တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေတော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့လိမ့်မည်။

19. ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်းယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။

20. ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။

21. ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင့် ထံသို့ ပြန်လာကြလိမ့်မည်။

22. အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်။

23. ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။

24. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်းတူ သူ၏လှံတံကို သင်၏အပေါ်မှာ မိုးလိမ့်မည်။

ဟေ​ရှာ​ယ 10