7. ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။
8. ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။
9. အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖေါက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ်။
10. တဲတော်၌ ဝပ်ပြုသောသူတို့စားရသောအခွင့် မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။
11. အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။
12. ထိုသို့နှင့်အညီ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
13. သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့။
14. အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။
15. ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။