ဟေ​ဗြဲ 11:2-19 Judson Bible (BJB)

2. ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။

3. ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။

4. အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။

5. ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။

6. ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။

7. နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။

8. အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။

9. သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။

10. အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။

11. သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။

12. သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာကမ်းနား၌မရေတွက်နိုင်သောသဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ်သတည်း။

13. ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။

14. ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။

15. ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။

16. ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။

17. အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။

18. ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသော သူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။

19. ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။

ဟေ​ဗြဲ 11