15. ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။
16. ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။
17. အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။
18. ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသော သူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။
19. ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။
20. ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ ကိုအမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။
21. ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏ သားနှစ်ယောက်ကို ကောင်းကြီးပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။
22. ယောသပ်သည်သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက်ခြင်းအရာကိုပြ၍၊ မိမိအရိုးတို့၏ အကြောင်းကို မှာထား လေ၏။
23. မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။