ဟေ​ဗြဲ 10:9-22 Judson Bible (BJB)

9. တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ်၏။

10. ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။

11. ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။

12. ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊

13. မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။

14. အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။

15. ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊

16. နောင်ကာလအခါသူတို့၌ ငါပေးသော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊

17. တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။

18. ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ။

19. ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊

20. ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီ ပြု၍အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊

21. ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊

22. ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

ဟေ​ဗြဲ 10