သူ​ကြီး 9:45-57 Judson Bible (BJB)

45. အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။

46. ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။

47. ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊

48. ကိုယ်တိုင်မှစ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့သွားပြီးလျှင်၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အားဆိုလျှင်၊

49. သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။

50. ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။

51. သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ၍၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်းပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။

52. အဘိမလက်သည် ရဲတိုက်ကို လာ၍တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ၊

53. မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ၏။

54. သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကိုထုတ်၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည်ထိုး၍ အဘိမလက် သေလေ၏။

55. အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။

56. ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။

57. ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူသဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။

သူ​ကြီး 9