သူ​ကြီး 9:4-18 Judson Bible (BJB)

4. ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး၍ အမှုကို ထမ်းစေ၏။

5. တဖန် ဩဖရမြို့၌ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။

6. ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။

7. ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။

8. သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊

9. သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။

10. တဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊

11. သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။

12. တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊

13. စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။

14. တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊

15. ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန်အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။

16. ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကိုစောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။

17. ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။

18. သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သောသားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သောကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။

သူ​ကြီး 9