သူ​ကြီး 9:15-28 Judson Bible (BJB)

15. ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန်အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။

16. ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကိုစောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။

17. ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။

18. သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သောသားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သောကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။

19. ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။

20. သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊

21. အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍နေလေ၏။

22. အဘိမလက်သည် ဣသရေလအမျိုးကိုအုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊

23. ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားစပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကို ဖျက်ကြ၏။

24. အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။

25. ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည်ကြား၏။

26. ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ၏။

27. ဥယျာဉ်၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်းသို့ သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။

28. ဧဗက်၏သားဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက်ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။

သူ​ကြီး 9