သူ​ကြီး 7:5-18 Judson Bible (BJB)

5. ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစု၊ ဒူးထောက်လျက် ဝပ်၍သောက်သောသူတစု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။

6. ထိုအခါ မိမိလက်ခုပ်နှင့်ရေကို ယူသဖြင့် လျက်၍သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်းတို့သည် ရေသောက်ခြင်းငှါ ဒူးထောက်၍ ဝပ်ကြ၏။

7. ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အားမိန့်တော်မူ၏။

8. ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကိုယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသောလူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။

9. ထိုညဉ့်တွင် ထာဝရဘုရားက၊ ထလော့။ ရန်သူတပ်ချရာသို့ ချီသွားလော့။ သင့်လက်၌ ငါအပ်မည်။

10. မချီဝံ့လျှင် သင်၏ကျွန်ဖုရကို ရှေ့ဦးစွာ ခေါ်သွားလော့။

11. သူတို့သည် အဘယ်သို့ ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှါ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကိုခေါ်၍ ရန်သူ၏ တပ်ပြင်၌ ကင်းထိုးသော သူရှိရာသို့ သွားလေ၏။

12. မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင်နှင့်အမျှ များကြ၏။ ကုလားအုပ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိ များကြ၏။

13. ဂိဒေါင်သည် ရောက်သောအခါ၊ လူတယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်းအဘော်အား ပြန်ပြောသည်မှာ၊ ငါမြင်မက်သည်ကား၊ မုယောမုန့်တပြားသည် မိဒျန်တပ်ထဲသို့ လိမ့်၍ တဲတဆောင်ကို တွေ့လျှင်၊ ထိခိုက်မှောက်လှန်ဖြိုချလေ၏ဟု ဆိုသော်၊

14. သူ၏အပေါင်းအဘော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုးယောရှသားဂိဒေါင်၏ထားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။

15. ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၍ အပ်တော်မူမည်ဟု ဆို၏။

16. ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတလုံးနှင့် မီးခွက်ပါသော အိုးတလုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။

17. ငါ့ကို ကြည့်၍ ငါပြုသည်အတိုင်း ပြုကြ။ တပ်ပြင်သို့ ရောက်သောအခါ၊ ငါပြုသည်အတိုင်း ပြုကြ။

18. ငါနှင့် ငါ၌ ပါသောသူအပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ ထားဟု ဟစ်ကြလော့ဟု မှာထား၏။

သူ​ကြီး 7