သူ​ကြီး 6:21-36 Judson Bible (BJB)

21. ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝေးကို ဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲက မီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်တို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။

22. ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီ တကားဟုလျှောက်သော်၊

23. ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။

24. ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏နေရာ ဩဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။

25. ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။

26. ငါစီရင်သည်အတိုင်း၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ခုတ်လှဲသောသစ်သားဖြင့် ဒုတိယနွားကို မီးရှို့၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ၏။

27. ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကို၎င်း၊ မြို့သားတို့ကို၎င်းကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညဉ့်အချိန်၌ ပြု၏။

28. နံနက်စောစော မြို့သားတို့သည် ထကြသောအခါ၊ ဗာလဘုရား၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက်၊ အနားမှာရှိသော အာရှရပင်လည်း လဲလျက်၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင်၊

29. ဤအမှုကို အဘယ်သူပြုသနည်းဟု တယောက်ကို တယောက် မေးမြန်းစစ်ကြောလျှင်၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ၏။

30. ထိုအခါ မြို့သားတို့သည် ယောရှအား၊ သင်၏သားသည် ဗာလဘုရား၏ ယဇ်ပလ္လင်ကိုဖြိုဖျက်၍ အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့်၊ သူ့ကို အသေခံစေခြင်းငှါ ထုတ်လော့ဟု ဆိုသော်လည်း၊

31. ယောရှသည် တဘက်၌ နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှုစောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မှီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစုံတယောက် ဖြိုဖျက်သောကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။

32. ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့်၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျက် သူ၏သားကို ထိုနေ့၌ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။

33. ထိုအခါ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့်၊ ယေဇရေလချိုင့်သို့ ကူးသွား၍ တပ်ချကြ၏။

34. ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ၏။

35. တမန်တို့ကို မနာရှေခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ မနာရှေ အမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ်၍၊ ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာကြ၏။

36. ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊

သူ​ကြီး 6